This is the body of your page.





i Phone 5S တစ်လုံးလျှင် အနည်းဆုံး ၁ဝ သိန်းကျော်ဖြင့် မြန်မာနိုင်ငံ ဈေးကွက်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း မိုဘိုင်းဖုန်း အရောင်းအဝယ် လုပ်ငန်းရှင်များထံမှ သိရသည်။ အဆိုပါ ဈေးနှုန်းမှာ နိုင်ငံတကာတွင် ကန်ဒေါ်လာ ၇ဝဝ ကျော် ပေါက်ဈေးထက် တစ်ဝက်နီးပါး မြင့်တက်နေပြီး အရောင် အမျိုးအစားကို လိုက်၍ ဈေးနှုန်း အပြောင်းအလဲရှိကြောင်း သိရသည်။ ယင်းသို့ ဈေးနှုန်း မြင့်တက်ရသည့် အကြောင်းရင်းမှာ i Phone မှာယူ တင်သွင်းသော နိုင်ငံဈေးနှုန်း ကွာခြားချက်ပေါ် မူတည်၍ ပြောင်းလဲခြင်းဖြစ်ကြောင်း လူကြီးမင်းဖုန်းဆိုင်မှ မန်နေဂျင်း ဒါရိုက်တာ ဦးကိုကိုအောင်က ဆိုသည်။ ယင်းက “ဒီကနေ မှာတဲ့သူတွေက စင်ကာပူက မှာသလို၊ အမေရိက ကနေ ဝယ်တာ ရှိတယ်၊ ဝယ်တဲ့ နိုင်ငံတစ်ခုနဲ့ တစ်ခု ကွာတဲ့အတွက် ဈေးနှုန်း ပြောင်းလဲတယ်၊


 ဒီမှာက တရားဝင် ကိုယ်စားလှယ် အရောင်းဆိုင် မရှိရင် ဈေးနည်းနည်း များတယ်၊ အဲဒီအတွက် နိုင်ငံခြားက ဝယ်ပြီး သွင်းရတဲ့ အတွက် တစ်ဆင့်ခံ ရောင်းနေရတယ်၊ အချိန် နည်းနည်း ကြာသွားရင်တော့ နိုင်ငံတကာ ဈေးနှုန်းအတိုင်း ပြန်ဖြစ်သွားနိုင်တယ်၊ လက်ရှိ ထွက်ခါစမှာ လူစိတ်ဝင်စားတဲ့ အတွက် ဈေးနှုန်းမြင့်နိုင်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ မိုဘိုင်းဖုန်းများ ဖြန့်ချိသူ ဒေါ်ဇင်မာသောင်းက “i Phone ကိုတော့ အစ်မတို့ ယူနေကျဆို့စ်တွေက ယူတာပေါ့၊ iPhone 5S 16 GB ကို ကျပ် ၁၂ဝဝဝဝဝ လောက် ပေါက်တယ်၊ 32GB ကို ကျပ် ၁၂၂ဝဝဝဝ၊ ရွှေရောင်ကတော့ ကျပ် ၁၃၂ဝဝဝဝ လောက် ဈေးပေါက်တယ်၊ ရွှေရောင်ကတော့ လူကြိုက်အများဆုံးပါ” ဟု ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ပြောသည်။ iPhone Series များကို နှစ်သက်စွာ ကိုင်ဆောင်လေ့ရှိသူ တစ်ဦးက “ကျွန်တော် i phone အသစ်ထွက်တိုင်း အမြဲတမ်း အသစ်လဲပြီး ကိုင်တယ်၊ ဒါပေမဲ့ ထွက်စမှာ အရမ်းဈေးကြီးလို့ သုံးလလောက် စောင့်ပြီးမှ ဝယ်တယ်၊ လက်ရှိ ဖုန်းကို ပြန်ရောင်းပြီး series အသစ်နဲ့ လဲကိုင်တယ်” ဟုပြောသည်။ ရွှေရောင်၊ ငွေရောင်၊ မီးခိုးရောင် iPhone 5S ကို အရောင် သုံးရောင်ဖြင့် ထုတ်လုပ်ခဲ့ပြီး တန်ဖိုးနည်း ဖုန်းအနေဖြင့် ထုတ်လုပ်သော iPhone 5C ကို အပြာ၊ အစိမ်း၊ ပန်းရောင်၊ အဝါနှင့် အဖြူရောင်များ ထုတ်လုပ်ခဲ့သည်။ တန်ဖိုးနည်းဖုန်းဖြစ်သော iPhone 5C ဈေးနှုန်းမှာ မြန်မာနိုင်ငံတွင် ကျပ် ၆၅ဝဝဝဝ ဈေးပေါက်ကြောင်း iPhone ကိုင်ဆောင်သူမှာ မြန်မာနိုင်ငံတွင် လူတန်းစား တစ်ရပ်တွင်သာရှိပြီး အသုံးပြုသူ နည်းပါးနေသေးကြောင်း သိရသည်။
 
Top