This is the body of your page.

မိုဘိုင်းဖုန်း ငွေဖြည့်တာများ ရှုပ်ရှုပ်ယှက်ယှက် အွန်လိုင်းသုံးပြီး ဖြည့်မလေး ဘာလေးနဲ့၊ ဖုန်းငွေဖြည့်ကတ် ရောင်းတဲ့ နီးရာဆိုင် တစ်ဆိုင်က ဝယ်ပြီး PIN CODE ရိုက်ထည့်လိုက်လည်း ပြီးတာပဲဥစ္စာလို့ အပြစ်တင် မစောကြပါနဲ့ခင်ဗျား။ အဲဒီလို ငွေဖြည့်ကတ် ရောင်းတဲ့ဆိုင်တွေ မရှိတဲ့ ရွာကို ရောက်တုန်း ဖုန်းထဲမှာ ငွေလက်ကျန် နည်းသွားခဲ့ရင် ကိုယ့်ဖုန်းကလည်း
အင်တာနက်နဲ့ MyanPay Account တစ်ခု ဖွင့်ထားရင် အလွယ်သုံးနိုင်အောင် ပြောရတာ ဖြစ်ပါတယ်။
MyanPay ဆိုတာက စမ်းသပ်ဆဲ အွန်လိုင်းသုံး ငွေကြေး စနစ် ဖြစ်ပါတယ်။ အခုလောလောဆယ်မှာ လူအများစု မသုံးကြသေးပေမယ့် အသုံးပြုပုံပြုနည်း ဒီထက် လွယ်ကူအောင် လုပ်ပေးမယ်ဆိုရင် နေရာ အတော်များများမှာလည်း သုံးလာနိုင်မယ်ဆိုရင် အသုံးတွင်လာနိုင်တဲ့ ငွေကြေးစနစ် တစ်ခု ဖြစ်ပါတယ်။ ဘဏ်နဲ့ ချိတ်ဆက်ပြီး MyanPay Account လုပ်နည်း၊ ငွေဖြည့်သွင်းနည်းကို ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ပြည့်ပြည့်စုံစုံ ဆောင်းပါး ရေးခဲ့ပြီးပါပြီ။
ဒါကြောင့် မိတ်ဆွေမှာ MyanPay Account တစ်ခုရယ်၊ အဲဒီထဲမှာ အနည်းဆုံး သွင်းထားတဲ့ ငွေသုံးသောင်းလောက် ထည့်ထားပြီးပြီလို့ မြင်ကြည့်လိုက်ပါမယ်။ ကိုယ့်ဖုန်းမှာ အင်တာနက် အသင့်ရှိပြီး၊ အွန်လိုင်းနဲ့ သွင်းငွေ စာရင်းတစ်ခုလည်း ရှိပြီး၊ လောလောဆယ် အင်တာနက် ခဏတစ်ဖြုတ် သုံးဖို့ ငွေလက်ကျန် လေးရာလောက်လည်း ရှိပြီဆိုရင် လုပ်ငန်း စကြပါမယ်။
ဖုန်းထဲကို တိုက်ရိုက် ငွေဖြည့်သွင်းနိုင်ဖို့ အင်တာနက် browser တစ်ခုခုကို ဖွင့်ပါ။ Chrome နဲ့ Opera mini က ကျွန်တော့်အကြိုက် ဖြစ်ပါတယ်။ website လိပ်စာ ရိုက်ထည့်ပါ။ ရိုက်မယ့် နေရာမှာ www.topup.com.mm လို့ ရိုက်ထည့်ပါ။ ငွေဖြည့်ကတ်ရောင်းတဲ့ website ထဲ ရောက်သွားပါမယ်။ Mobile Topup ဆိုတဲ့ ခေါင်းစဉ်အောက်မှာ prepaid card အမျိုးအစားနဲ့ ငွေပမာဏ ဖော်ပြထားတဲ့ အကွက်ကို မြင်ရပါမယ်။ ရှုပ်စရာ မရှိပါဘူး။ မြင်ရတဲ့ အကွက်ဘေးက အောက်စိုက် မြားခေါင်းလေးမှာ တစ်ချက်နှိပ်ရင် ရွေးချယ်ပိုင်ခွင့် ဇယားကွက်ကြီး ကျလာပါမယ်။
ဖုန်းအမျိုးအစားနဲ့ ငွေပမာဏ သတ်မှတ်ထားတဲ့ အထဲက ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီတာ တစ်ခုကို ရွေးပါ။ ရွေးထားတဲ့ အကွက်အောက်မှာ နောက်ထပ် အကွက်လွတ် နှစ်ခု တွေ့ပါမယ်။ ဖုန်းနံပါတ် ဖြည့်ဖို့နဲ့ အဲဒီနံပါတ်ကို နောက်တစ်ကြိမ် အတည်ပြုဖို့ ဖြစ်ပါတယ်။ ဖုန်းနံပါတ်ကို ၀၉ အပါအဝင် ဂဏန်းအားလုံး အပြည့်အစုံ ရိုက်သွင်းဖို့ လိုပါတယ်။ ပြီးပြီဆိုရင် အောက်ဘက်မှာ မြင်ရတဲ့ Top up now ကို နှိပ်ပါ။ MyanPay Account Login စာမျက်နှာ ပေါ်လာပါမယ်။ user name နဲ့ login နေရာမှာ MyanPay Account လုပ်တုန်းက user name နဲ့ password ကို ရိုက်ထည့်ပေးရပါမယ်။ ပြီးရင် အောက်ဘက်က login ကို နှိပ်ပါ။
ကိုယ့် Account ထဲ တိုက်ရိုက် ရောက်သွားပြီပေါ့။ မထင်ပါနဲ့ ခင်ဗျာ။ ငွေလွှဲမယ့်လူ အစစ်အမှန် ဟုတ်မဟုတ် ဘူးသီးငါးပေါင်းကြော်စာနဲ့ တိုက်ဆိုင် စစ်ဆေးပါဦးမယ်။ ဒါကြောင့် နောက်ထပ် ပေါ်လာတဲ့ စာမျက်နှာဟာ Enter the text below ခေါင်းစဉ်နဲ့အတူ ရှုပ်ရှုပ်ထွေးထွေး ရေးထားတဲ့ စာလိမ်တွေ ဖြစ်ပါတယ်။ သေသေချာချာ ကြည့်ပြီး ဖြည့်ပါ။ စာလိမ်တွေက ကြည့်ရတာ ခက်တာမို့ တစ်ခါတစ်ခါ မှားတတ်ပါတယ်။ မှန်အောင် မရိုက်နိုင်ဘူးဆိုရင် နောက်ထပ် စာလိမ်တစ်တန်း ပေါ်လာပါမယ်။ ခဏခဏတော့ မမှားပါစေနဲ့ ဒဏ်ပေးစနစ် ရှိပါတယ်။ သေချာပြီဆိုရင် အောက်ဘက်က login နေရာမှာ တစ်ချက်နှိပ်ပါ။ နောက်ထပ် မြင်ရမယ့် စာမျက်နှာက မိုဘိုင်း Top up ကတ်ဘယ်နှစ်ကတ် ဝယ်တယ်။ ကျသင့်ငွေ ဘယ်လောက်ဆိုတာ ဖော်ပြထားတဲ့ စာမျက်နှာ ဖြစ်ပါတယ်။ သေချာပြီဆိုရင် continue ကို နှိပ်ပါ။
နောက်စာမျက်နှာက Mobile top up ဆီ ငွေလွှဲမယ့် MyanPay Account Information ဖော်ပြချက်တွေ ဖြစ်ပါတယ်။ အားလုံး သေချာပြီလားဆိုတာ တစ်ချက်စစ်ပါ။ သေချာပြီဆိုရင် Pay now ကို နှိပ်လိုက်ပါတော့။ အဲဒီနောက်မှာ တွေ့ရမှာက Direct top up to ဆိုတဲ့ စာသားနဲ့အတူ ဘယ်ဖုန်းနံပါတ်ကို ငွေဖြည့်သွင်းနေတယ်ဆိုတာ ဖော်ပြချက် ဖြစ်ပါတယ်။ အင်တာနက် ကွန်နက်ရှင်အပေါ် မူတည်ပြီး အနှေးအမြန် ရှိပါတယ်။ စိတ်မရှည်ချင်လည်း ရှည်ပါလေတော့။ ငွေဖြည့်ပြီးသွားပြီဆိုရင် လူကြီးမင်း၏ မိုဘိုင်းဖုန်းကို ငွေဖြည့်သွင်းပါပြီဆိုပြီး Mobile top up windows တစ်ခု ပြပါမယ်။ PIN Number ကိုလည်း ပြပေးပါမယ်။ နောက်ထပ်ကတ်တွေဝယ်ပြီး ဖြည့်ဦးမယ်ဆိုရင် Continue Shopping နေရာကို နှိပ်ပါ။ Mobile top up ရဲ့ ပထမ စာမျက်နှာကို ရောက်ပါမယ်။ နောက်ထပ်ငွေဖြည့်ပေးချင်တဲ့ ဖုန်းနံပါတ်တွေကို ထည့်ရိုက်နိုင်ပါတယ်။
ငွေဖြည့်ကတ်တွေ ဝယ်ပြီး ဖြည့်သွင်းလိုက်တာကြောင့် ကိုယ့်ငွေစာရင်းထဲက ငွေဘယ်လောက် လျော့သွားသလဲ သိချင်ရင် MyanPay Account ထဲ ပြန်ဝင်ပြီး ကြည့်ရပါမယ်။ user name နဲ့ password ဖြည့်ပေးဖို့ လိုပါတယ်။ သုံးစွဲခဲ့တဲ့ ငွေပမာဏကို Gross နဲ့ Net account နေရာမှာ အနှုတ် လက္ခဏာနဲ့ ဖော်ပြပေးပါတယ်။ Balance ဆိုတဲ့ အကွက်အောက်မှာ သုံးစွဲငွေ နှုတ်ပြီးသား လက်ကျန်ငွေ ပမာဏကို မြင်ရပါမယ်။ ဘဏ်ကနေ အွန်လိုင်း စနစ်နဲ့ မလွှဲဘဲ ကုမ္ပဏီမှာ သွားပြီး တိုက်ရိုက် ငွေဖြည့်လို့ ရတယ်လို့ ပြောတဲ့ ပညာရှိများလည်း ရှိသေးသဗျ။ အဲဒီလို လုပ်ရမှာ အတူတူဆို ပေါပေါများများရှိတဲ့ ဖုန်းငွေဖြည့်ကတ် ဆိုင်တစ်ဆိုင်ရှာ၊ ကတ်ဝယ်ပြီး တိုက်ရိုက်ပဲ ဖြည့်တော့မှာပေါ့ဗျာ။
MyanPay Account ဟာ တစ်ချက်တည်းနဲ့ ငှက်နှစ်ကောင်မှန် ဆိုသလို ဖုန်းထဲ ငွေလှမ်းဖြည့်ရုံတင် မကပါဘူး။ ငွေဖြည့် Top up ကတ်တွေကိုလည်း ကြိုတင် ဝယ်ထားလို့ ရပါသေးတယ်။ ငွေဖြည့်ကတ်ဝယ်ရုံ သက်သက်ဆိုရင်ဖြင့် browser ထဲက လိပ်စာ ရိုက်ထည့်ရမယ့် နေရာမှာ www.prepaidcard.com.mm ကို စာရိုက်ပြီး၊ enter ခေါက်ပါ။ prepaid ကတ်ရောင်းတဲ့ website ရဲ့ ပထမ စာမျက်နှာကို ရောက်သွားပါလိမ့်မယ်။ လူကြိုက်များ၊ အဝယ်များတဲ့ ကတ်တချို့ကို နမူနာ ပြထားပါမယ်။ Topup.com မှာတုန်းက ဆယ့်ငါးသိန်းကတ်၊ ငါးသိန်းတန်၊ နှစ်သိန်းတန် ဖုန်းတွေ အတွက်ပဲ ငွေဖြည့်သွင်းနိုင်ပေမယ့် prepaid card.com မှာတော့ အရင် မိုဘိုင်းဖုန်းဟောင်းမျိုးစုံအတွက်သာမကဘဲ ၁၅၀၀ တန် ဖုန်းအတွက် ငွေဖြည့်ကတ်တွေကိုပါ ဝယ်နိုင်ပါတယ်။
တစ်ခုတော့ သတိထားစရာ ရှိတယ်။ ပြထားတဲ့ prepaid card တစ်ခုစီရဲ့ ဘေးမှာ Add to card ဆိုတဲ့ စာသားကို မြင်ရမှသာ ဝယ်နိုင်ပါမယ်။ out of stock ဆိုရင် ပစ္စည်း ပြတ်နေလို့ ဝယ်ယူလို့ မရနိုင်ပါဘူး။ ဝယ်လို့ရမယ်ဆိုရင် Add to card ကို နှိပ်ပါ။ ဝယ်သူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေဖြည့်ဖို့ personal information အကွက် ပေါ်လာပါမယ်။ ကိုယ့်နာမည်ကို ဖြည့်ပေးရပါမယ်။ အီးမေးလ် ထည့်ပေးရပါမယ်။ သီးခြား အီးမေးလ်ပဲသုံးသုံး MyanPay တုန်းက အီးမေးလ်ပဲ သုံးသုံး အဆင်ပြေပါတယ်။ I want to use my MyanPay Email အကွက်ရဲ့ ဘေးက လေးထောင့်ကွက်မှာ အမှန်ခြစ်ပေါ်အောင် လုပ်ပေးမယ်ဆိုရင် အီးမေးလ် ထပ်ဖြည့်စရာ မလိုပါဘူး။ ပြီးရင် ကိုယ့်မိုဘိုင်းဖုန်းနံပါတ် ဆက်သွယ်ရန် ဖုန်းနံပါတ်တွေ ဖြည့်ပြီး next ကို နှိပါပါမယ်။ နောက်စာမျက်နှာမှာတော့ ကိုယ်သုံးမယ့် ငွေပမာဏ မှန်တဲ့အကြောင်း စည်းကမ်းချက်တွေကို သဘောတူပါကြောင်း I agree ဘေးဘက်က လေးထောင့်ကွက်မှာ အမှန်ခြစ်ပေါ်အောင် လုပ်ပေးရပါတယ်။
နောက်တစ်ဆင့်မှာတော့ MyanPay ရဲ့ Login ပြန်ဝင်ပါမယ်။ user name နဲ့ password ဖြည့်မယ်။ ဘူးသီးငါးပေါင်းကြော်တွေ တူအောင် ရိုက်ထည့်ပါမယ်။ Account ထဲ ရောက်ပြီဆိုရင် Pay ဆိုတဲ့ နေရာမှာ တစ်ချက် နှိပ်ပါမယ်။ ကတ်တွေ ဆက်ပြီး ဝယ်ဦးမယ်ဆိုရင် Continue Shopping ကို နှိပ်ပြီး prepaidcard.com ကို ပြန်သွားပါမယ်။ ကိုယ်ဝယ်ချင်တဲ့ ကတ်အမျိုးအစားနဲ့ လိုအပ်တဲ့ အရေအတွက်ကို ဝယ်ပါမယ်။ အားလုံး ပြီးပြီဆိုရင် ကိုယ်ပေးခဲ့တဲ့ အီးမေးလ်လိပ်စာကို ဖွင့်စစ်ဖို့ လိုပါတယ်။ အထဲမှာ prepaidcard.com က ပို့ထားတဲ့ စာတစ်စောင်ကို တွေ့ရပါမယ်။ ဖုန်းငွေဖြည့်ကတ်အတွက် ငွေရပြေစာနဲ့အတူ ခဲခြစ်ပြီးသား ငွေဖြည့်ကတ်ပုံကို တွေ့ရပါမယ်။ အဲဒီနံပါတ်နဲ့ သက်ဆိုင်ရာဖုန်းမှာ ငွေဖြည့်နိုင်ပါပြီ။
နောင်စိုး (ထားဝယ်)
Ref & Credit: Mobile Guide Journal
 
Top